တနင်္ဂနွေ တောလား (၁)
ဗမာပြည်ကျောင်းသားလှုပ်ရှားမှုထဲဝင်ရောက်ပါဝင်လှုပ်ရှားခဲ့ကတည်းက ဒိုင်ယာယီရေးတဲ့အကျင့်ကို မေ့ပစ်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်လောက်ရှိတော့မယ်ထင်ပါတယ်။ ဗမာပြည်မှာက ဒီမိုကရေစီရေး နိုင်ငံရေး ဆိုတာ ဗြောင်မှ လုပ်ဆောင်ခွင့်မရှိတာဆိုတော့ မြေအောက်အသွင်နဲ့လှုပ်ရှားရတဲ့အခါကျတော့ ဒိုင်ယာယီ ရေးတတ်တဲ့သူတွေအဖို့ ကိုယ်ရေးတဲ့ဒိုင်ယာယီကြောင့် ကိုယ်နဲ့ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီး အန္တရာယ်ဖြစ်စေနိုင်တယ်။ ဒါကြောင့်ပဲ ဒိုင်ယာယီရေးတာကို မေ့ပစ်ခဲ့ရတယ်။
အခု အိုင်တီခေတ် အင်တာနက်ခေတ်မှာရောက်လာတော့ တချို့ လည်း (လုပ်တတ်သူတွေက) ၀က်ဘ်ဆိုက် လေးတွေ၊ ဘလော့လေးတွေ လုပ်ကြ ရေးကြနဲ့၊ အဲဒါတွေမလုပ်တတ်တဲ့သူတွေ ဘလော့ခေတ်ကို (အကြောင်း ကြောင်းကြောင့်) မဖြတ်သန်းလိုက်နိုင်တဲ့လူတွေအဖို့ကျတော့လည်း အခုခေတ် (facebook ခေတ်မှာ) facebook ပေါ်မှာ တောင်ခြစ်မြောက်ခြစ် ဟိုရေးသည်ရေးပေါ့။ ကျနော်လည်း အခု ဒိုင်ယာယီပဲပြောရမလား၊ တောင်ခြစ်မြောက်ခြစ်ပဲ ဆိုရမလား၊ ဟိုရေးသည်ရေးပဲ ခေါ်ရမလား (တနင်္ဂနွေနေ့) ဆိုတော့ ပျင်းပျင်းရှိတာနဲ့ ရေးလိုက်ပါတယ်။ အဲဒါက .......
ပြီးခဲ့တဲ့လထဲမှာ တပည့်မလေးတယောက်ရဲ့ မင်္ဂလာဆောင်ရော၊ ဖင်လန်မိတ်ဆွေတယောက်ရဲ့ မင်္ဂလာဆောင်ရော နှစ်ခုစလုံး သွားဖြစ်ခဲ့တယ်။ တပည့်မလေး ကျနော့်ကိုတွေ့လိုက်တော့ အတော် ၀မ်းသာသွားတဲ့ပုံရှိတယ်။ ကျနော်လည်း ကြေနပ်ပါတယ်။ ကိုယ့်ရဲ့ တပည့်မလေးတယောက်၊ ကိုယ့်ဗမာနိုင်ငံသားခုလို မိကောင်းဖကောင်းသားသမီးပီပီ၊ ဗမာလူမျိုးဗုဒ္ဓဘာသာပီပီ အိမ်ထောင်တခုကို တရားဝင် တင့်တင့်တည်တည် တည်ထောင်သွားခဲ့တာ ၀မ်းသာပီတိဖြစ်ပါတယ်။ ဖင်လန်မိတ်ဆွေရဲ့ မင်္ဂလာဆောင်ကျတော့ ရိုးရိုးလေးပါပဲ။ Savonia Hotel မှာ ကျင်းပတယ်။ အစားအစာကျွေးမွေးဧည့်ခံတယ်၊ စန္ဒယားနဲ့သီဆိုဖျော်ဖြေတယ်။ ထူးခြားတာက ဂုဏ်တုဂုဏ်ပြိုင် ပကာသနကင်းတယ်။
ကျနော်တို့ တပည့်လေးတွေရဲ့ ရှင်ပြုမင်္ဂလာတော့ မသွားဖြစ်တော့ဘူး။ မသွားဖြစ်တာကလည်း အမျိုးသမီးက ကိုယ်လေးလက်ဝန်နဲ့ဆိုတော့ ရှင်ပြုမင်္ဂလာကျင်းပတဲ့ Helsinki နဲ့ဆို ခရီးဝေးတာရယ်၊ ဟိုမှာ နေရထိုင်ရ ခက်ခဲမှာ၊ ပင်ပမ်းမှာရယ်ကြောင့် မသွားဖြစ်လိုက်ဘူး။ ၀မ်းသာပီတိတော့ဖြစ်ပါတယ်။ ကိုရင်လေးတွေ လူထွက်ပြီး ပြန်ရောက်လာတော့ ကျနော့်အိမ်ကိုလာသွားကြတာကြည့်ပြီး ၀မ်းသာပီတိဖြစ်ရတယ်။
လာမည့် မြူနီစပယ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ ရွေးကောက်ပွဲကော်မရှင် အစည်းဝေးကတော့ အတော့်ကို ပျင်းစရာကောင်းပါတယ်။ အရင်က ဒီမှာလုပ်တဲ့ ရွေးကောက်ပွဲတွေဆိုရင် မဲဆန္ဒနယ်တခုခုမှာ မဲရုံတာဝန်ကျတယောက်အဖြစ်နဲ့ ခဏခဏ တာဝန်ယူခဲ့ဖူးတော့ ဒါတွေက သိနေပြီးသားဆိုတော့ အစည်းဝေး မှာ လူကငုတ်တုတ်သာထိုင်နေရတယ် စိတ်ကတောင်တွေး မြောက်တွေး။
သူတို့ပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ကမ်းလှမ်းလာတဲ့ပါတီတခုကိုတော့ လှလှပပ ပဲ ငြင်းလိုက်ရတယ်ဗျာ။ အစောပိုင်း သူတို့ကမ်းလှမ်းတုန်းက ကျနော် စဉ်းစားပါဦးမယ်ဗျာလို့ ပြောပြီး နည်းနည်း မူ ကြည့်လိုက်တယ်။ သူတို့ တကယ်ကမ်းလှမ်းတာလား၊ စကားအဖြစ်နဲ့ ကမ်းလှမ်းတာလား၊ သူတို့ပါတီမှာ နိုင်ငံခြားသား (ဖင်လန်နိုင်ငံသားမဟုတ်သူ) ဒုက္ခသည်တယောက် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးခံတယ်ဆိုတဲ့ပြရုပ်သက်သက်လား သိချင်လို့ မူ လိုက်တာ။ ဒါပေမယ့်လည်း သူတို့က တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကမ်းလှမ်းတာသိရတော့ အတော်ခက်သွားတယ်။ နောက်ဆုံးတော့ မိန်းမ ဗိုက်ကိုပဲ အကြောင်းပြ၊ ဒီလိုဗျာ ကျနော့်အခက်အခဲက ခင်ဗျားတို့ကို ပြောပြရတော့မှာပဲ ဆိုတဲ့ စကားခံပြီး ... မွေးမှာက အမွှာ၊ ပြီးတော့ ယောက်ျားလေးတွေ ဆိုတော့ နည်းနည်းအလုပ်များမယ်ဗျာ။ဒါကြောင့် ကျနော် ငြင်းရတာပါဗျာလို့ ပြောလိုက်ရတယ်။ (ခလေး ခလေး ခလေး နဲ့ ... ခလေး အကြောင်းပြလို့ကောင်းတာ အခုမှ နည်းနည်းသိလာတော့တယ်း) )
နောက်တခုက ကျနော့်တပည့်မလေးတွေရဲ့ နှုတ်ဆက်ပွဲ။ သူတို့က ကျနော်တို့နေတဲ့မြို့ကနေ တခြားမြို့တွေမှာ ပညာသွားသင် ကျောင်းသွားတက်ကြတော့မယ်ဆိုတော့ နှုတ်ဆက်တဲ့အနေနဲ့ ကျနော်တို့ဇနီးမောင်နှံ ကိုဖိတ် တယ်။ ဆရာ လာဖြစ်အောင် လာခဲ့နော် အန်တီမျိုးကိုလည်းခေါ်ခဲ့ပါတဲ့။ .. ခလေးတွေကို ခေါ်လာလို့ မရဘူး လားလို့ ကျနော်ပြန်မေးကြည့်လိုက်တော့ သူတို့ကလည်း ခေသူမဟုတ်တွေ။ ချက်ဆို နားခွက်မီးတောက်တာ လေးတွေဆိုတော့ ... ဆရာ အန်တီမျိုးဗိုက်ထဲက ထုတ်ထားခဲ့လို့ရရင် ထားခဲ့လေ ခေါ်မလာနဲ့တဲ့။း) အဲဒီမှာ သူတို့ကို ပညာရေးကိစ္စတွေ၊ သင်ရိုးညွှန်းတမ်း စာမေးပွဲစနစ်အကြောင်းတွေ၊ ကျောင်းသားတ၀က်ခ နဲ့ ကျောင်းသားသမဂ္ဂအကြောင်း စာအုပ်စာရေးကိရိယာ လျော့ဈေးအကြောင်းတွေ၊ ပြီးတော့ အင်တာနက်ခေတ်၊ သမီးတို့ ကျောင်းစာတွေ နားမလည်တာရှိရင် ဆရာ့ဆီ အီးမေးနဲ့ပို့ ဆရာကူတွက်ပေးမယ်၊ ကူလုပ်ပေးမယ် ဆိုတော့ ရယ်နေကြတယ်။ သူတို့အကြိုက်ပဲလေ။ သူတို့ကို ကျနော် စာသင်ပေးတုန်းကလည်း ဒီလိုပဲ ပုစ္ဆာတွေ ကိုယ့်ဟာကိုယ်တွက်ကြဆိုပြီး whiteboard ပေါ် ကျနော် မေးခွန်းတွေ ရေးချလိုက်ရင် ၀ိုင်းအော်ပြီ။ ဆရာ .........တဲ့။ အသံရှည်ကြီးနဲ့။ သူတို့တွေရဲ့ အသံတွေကို ကျနော် မကြားရတော့ပေမယ့် သူတို့တွေ ဝေးဝေးမြင့်မြင့် ပျံနိုင်ကုန်ကြတဲ့အတွက် ကျနော် ၀မ်းသာပီတိဖြစ်ပါတယ်။
ကူအိုပီအို ကျောင်းသားသမဂ္ဂက ဖိတ်ထားတဲ့ကိစ္စတော့ မဖြစ်မနေသွားရမယ်။ သူတို့က ဗမာနိုင်ငံသား ဒုက္ခသည်တယောက်၊ သူတို့နိုင်ငံမှာလာရောက်ခိုလှုံနေထိုင်နေတယ်၊ သူတို့ ဆီမှာပဲ အင်ဂျင်နီယာဘွဲ့ကို သတ်မှတ်ထားတဲ့ ၄ နှစ်အတွင်းမှာပဲ သူတို့ဘာသာစကားနဲ့ ရယူသွားနိုင်ခဲ့သူဖြစ်တယ်၊ ပြီးတော့ သူတို့ကျောင်းသားသမဂ္ဂရဲ့ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တယ်ဆိုတဲ့ (သူတို့အမြင်ပေါ့ဗျား) အဲဒီလို ကောင်းမွန်တဲ့အချက်အလက်တွေကြောင့် ဖိတ်ခေါ်တာပါတဲ့။ ၈ လေးလုံး နဲ့ တိုက်ဆိုင်နေတော့ ၈ လေးလုံးအကြောင်း message တခု ထည့်ပြီး ဟောပြောမယ်လို့ စဉ်းစားထားပါတယ်။
နောက်တခုက မခေါ်ပဲလာ မနှင်ပဲ ပြန် ဆိုသလိုပဲ။ တနေ့က ကျနော့် မိတ်ဆွေတယောက်ရဲ့ယောက်ခမ ကွယ်လွန်သွား တယ်။ သူကလည်း အရင်လိုပဲ ကျနော် အလုပ်များနေတတ်တယ် ထင်ပြီး အားနာလို့ ကျနော့်ကို မပြောဘူး။ မပြောတော့ ကျနော်လည်း မသိဘူး။ နောက်တရက်မှ တခြားမိတ်ဆွေ တယောက် ကနေတဆင့်သိရတော့ ကျနော်မနေနိုင်ဘူး၊ ကျနော်ဖုံးဆက်တယ်။ စိတ်မကောင်း ဖြစ်ရတဲ့အကြောင်းနဲ့ ဘာအကူအညီပေးရမလဲ ကူညီမယ်ဆိုတဲ့အကြောင်း၊ အဲဒါ ကျနော်က ဖုံးဆက်ပြီး ပြောလိုက်တယ်။ ကျနော် နားလည်ထားတဲ့ မိတ်ဆွေဆိုတာ အကူအညီလိုမှ ရစရာရှိမှ ဖုံးဆက်တတ်တာမျိုးကို ကျနော်က မိတ်ဆွေလို့ သဘောမထားဘူး။ အဲဒါ သာပေါင်းညာစားစိတ်။ အဲဒါမျိုးက မထားသင့်မထားအပ်တဲ့ တကိုယ်ကောင်းစိတ်။ ဒါကြောင့် ကျနော်ပဲ ဖုန်းဆက်ပြီး ၀မ်းနည်းကြောင်းပြောပြ၊ လိုတဲ့ ဟင်းချက်ဖို့အိုးကြီးတလုံး ယူသွားပြီးသွားပို့၊ မိတ်ဆွေရဲ့ ဇနီး နဲ့ ယောက်ဖ (ကျန်ရစ်သူ သမီး နဲ့ သား)ကိုလည်း အားပေးနှစ်သိမ့်ပေါ့ဗျာ။ ပြီးတော့ နည်းနည်းပါးပါးဝိုင်းကူပြီး သူပေးလိုက်တဲ့ ၈ လေးလုံး အထိမ်းအမှတ်အခမ်းအနားဖိတ်စာလေးယူပြီး သူတို့ မနှင်ပဲ ပြန်လာခဲ့တယ်။
အဲဒီ ၈ လေးလုံး အခမ်းအနားတော့ မလုပ်ဖြစ်ဘူးတဲ့။ အခန်းမရလို့ ဆိုလားပဲ။ ဖိတ်စာတော့ စကင်ဖတ်ပြီး ဖေ့ဘုတ် ဒိုင်ယာရီထဲမှာ ကျနော် သိမ်းထားလိုက်တယ်။ အမှတ်တရပေါ့။ ဒီလထဲ ဖိတ်ကြားခံရပြီး တက်စရာ(သွားစရာ) မလိုတဲ့ အခမ်းအနားတခုပေါ့ဗျာ။ ဖိတ်စာကို ဒီမှာသွားကြည့်လို့ရပါတယ်။ https://www.facebook.com/photo.php?fbid=4348788476396&set=a.4348787996384.2179135.1188115126&type=1&theater
နောက်တခုက ခုနက ကျနော့်ရဲ့ မိတ်ဆွေ ဆိုတဲ့ ကိစ္စအပေါ် ကျနော့်သဘောထားပေါ့ဗျာ။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဒဿနအမြင်ပေါ့ဗျာ။ ဟဲဟဲ။ ဒဿနအမြင်ဆိုလို့ မှတ်မှတ်ရရ တခုရှိတယ်။ ကျနော် ဒဂုံတက္ကသိုလ် မှာ စိတ်ပညာအဓိကနဲ့ကျောင်းတက်နေတော့ ကျနော်တို့ စိတ်ပညာဌာန ရဲ့ ဘေးခြင်းကပ်မှာက ဒဿနိကဗေဒ ဌာနရှိတယ်။ မျက်နှာခြင်းဆိုင်မှာက ဥပဒေဌာန(Law) ရှိတယ်။ ကျောင်းသူကျောင်းသားအချင်းချင်းဆိုတော့ တဦးနဲ့တဦး စကြတယ်ပေါ့ဗျာ။ ကျနော်တို့ကို အဲဒီ ဌာနတွေက ကောင်မလေးတွေက ကျနော်တို့ကိုမြင်ရင် ဟေး နေမြင့်ပြီနော် .. ဆေးသောက်ပြီးပလား ... မမေ့နေနဲ့ ... ပုလင်းလှုပ်သောက်နော် နဲ့ စတတ်တယ်။ ကျနော်တို့စိတ်မဆိုးပါဘူး။ ဒါပေမယ့် ဒီအတိုင်းတော့ ငြိမ်နေလို့ မရဘူး နည်းနည်းတော့ ပညာပြန်ပေးရမယ်လို့ သူငယ်ချင်းအားလုံးသဘောညီညွတ်ကြတယ်။ အဲဒါနဲ့ပဲ ဥပဒေ (Law) က မိန်းခလေးတွေတွေ့ပြီဆိုရင် ကျနော်တို့က လက်ဦးမှုယူပြီး အော်တော့တာပဲ ... လော ... လော .... ဘာလောလဲ ..... အီးဘောလော ... အီးဘောလော ..။ အဲဒီကတည်းကစပြီး Law က ကျနော်တို့ကို စစ နေတဲ့ ကောင်မလေးတွေ ငြိမ်သွားရောပဲ။း) ဒဿနိက ဌာနက လူတွေကို ကျနော်တို့က ဘယ်လိုပြန်စသလဲဆိုတော့ ဒဿဂီရိဘီလူး မယ်သီတာကို မရလို့ ညစ်တွန်းတွန်းပြီး တောထဲဝင်၊ တောထဲမှာ အ၀တ်အစားတွေချွတ်ပြီး ကိုယ်တုံးလုံးနဲ့ကတယ်ပေါ့ဗျာ. ... ဟေး.. ဒဿ .. မယ်သီတာကို မရ..... တောထဲမှာ နိက ... လို့ အော်တော့ ဒဿနိက ဌာနက ကျောင်းသူလေး တွေ ရှက်လို့ ပြေးရောပဲး)။ ခုနက မိတ်ဆွေဆိုတဲ့အမြင်ကို စကားပြန်ဆက်တော့မယ်ဗျာ၊ မိတ်ဆွေဆိုတာ ခုနက ကျနော်ပြောသလို လိုချင်တာရှိမှ၊ အကူအညီလိုမှ သတိရတာ ဆက်သွယ်တတ်တာမျိုးကို မိတ်ဆွေ လို့မခေါ်ဘူးဆိုတဲ့စကား။ အဲဒါ တိုက်တိုက်ဆိုင်ဆိုင် တနေ့က ကျနော် နာရေးကိစ္စနဲ့ အပြင်သွားနေတုန်း အိမ်ကို ကျနော်တို့မိတ်ဆွေမိသားစုတစု လာသွားကြတယ်။ သူတို့ ကိုယ်တိုင်တောထဲမှာ ပင်ပင်ပမ်းပမ်း ရှာဖွေပြီး သူတို့ ကိုယ်တိုင်သေသေချာချာ လုပ်ထားတဲ့ blueberry ဖျော်ရည်တွေ ကျနော့်ဇနီးကို ပေးသွား ကြတယ်။ ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်ဇနီး ပြောပြတာနဲ့ အဲဒီဖျော်ရည်သောက်ပြီး သူတို့မိသားစု အတွက် ဆုမွန်ကောင်းတွေ တောင်းပေးလိုက်တယ်။ ဒီနေ့မှာလည်း မိတ်ဆွေတယောက်က သူ့အိမ်မှာ ကွတ်သီယို လုပ်စားတယ်။ အဲဒါ ကျနော့်ဇနီးကို သူတို့မိသားစုက သတိရကြတယ်။ မဗိုက်တော့ စားချင် မှာပဲဆိုပြီး ဖုန်းဆက်ကြတယ်။ .... အစားကောင်းစားရရင် မိတ်ဆွေကို သတိရတတ်ကြတယ် ဆိုတဲ့ စကား အတိုင်းပေါ့ဗျာ။ သူတို့တွေရဲ့ အခုလို အမှတ်တရ ရှိတာလေးတွေက မိတ်ဆွေ ဆိုတာကိုဖော်ပြတာပါပဲ။ မိတ်ဆွေဆိုတာ သူငယ်ချင်းပါပဲ။
တလောက ကျနော့်မိတ်ဆွေတယောက်ကပြောတယ်။ စေတနာစကားပါ။ သူပြောတာက ... ကျနော်က ပွင့်လင်းတယ်၊ ရိုးသားတယ်တဲ့။ ဒါကြောင့် ချစ်ခင်တဲ့သူရှိသလို မလိုမုန်းတီးတဲ့လူလည်းရှိတယ်တဲ့။
ကျနော်ကလည်း ကျနော်အမြင်ပေါ့ဗျာ။ပြန်ဆွေးနွေးတယ်။ လူချစ်လူခင်များဖို့ မလိုပါဘူးဗျာလို့။ ပြီးတော့ အကုန်လုံးနဲ့လည်း တည့်အောင်ပေါင်းဖို့မလိုပါဘူးလို့။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာပေါ်မှာ လူ သန်းခြောက်ထောင်ကျော် ရှိတယ်ဗျာ။ အကုန်လုံးနဲ့ တည့်အောင် လိုက်ပေါင်းနေရရင် ပျင်းစရာကြီး။ တော်ပြီပေါ့ဗျာ ကိုယ်နဲ့ တည့်တဲ့လူ ၃ - ၄ - ၅ ယောက်လောက်ရှိရင် ဖြစ်ပါတယ်လို့။း)
ခေတ္တနားပါဦးမည်။
------------------------------------------------------------------------------------------------------------













